လောကဓံ
လှိုင်းတံပိုးတွေကြား
ကြံ့ကြံ့ခံနိုင်ဖို့
ကြိုးစားရင်း။
အရှိန်ပြင်းတဲ့
လေပြင်းမုန်တိုင်းတွေကြား
မတ်မတ်ထောင်နိုင်ဖို့
ကြိုးစားရင်း။
ခက်ခဲကြမ်းတမ်းလှတဲ့
ခရောင်းတောတွေကိုလည်း
ဖြတ်ကျော်နိုင်ဖို့
ကြိုးစားရင်း။
အခန့်မသင့်လို့
ဒေါသထွက်မိတိုင်း
အပြုံးမပျက်
ချုပ်ထိန်းနိုင်ဖို့
ကြိုးစားရင်း။
အမြဲတမ်း
ချွတ်ချော်လွဲမှားနေတဲ့
လောကကြီးမှာ
ပန်းတိုင်ရောက်နိုင်ဖို့
ကြိုးစားရင်း။
အားမနာပါးမနာ
အတင်းသံတွေအား
လစ်လျူရှုနိုင်ဖို့
ကြိုးစားရင်း။
ကောက်ကျစ်စဉ်းလဲမှုတွေ
ပြည့်နှက်နေတဲ့
လောကကြီးမှာ
ဖြောင့်မတ်မှန်ကန်နိုင်ဖို့
ကြိုးစားရင်း။
ကျရောက်လာတဲ့
ဖိအားတွေအောက်က
ရုန်းထွက်နိုင်ဖို့
ကြိုးစားရင်း။
စိတ်ညစ်တဲ့အခါတိုင်း
ပျော်စရာပြန်တွေးပြီး
ဖြေဖျောက်နိုင်ဖို့
ကြိုးစားရင်း။
ကိုယ့်အတွက်ပဲ
ကိုယ်ကြည့်နေကြတဲ့
လူတွေကြားမှာ
တစ်ကိုယ်ကောင်းမဆန်မိအောင်
ကြိုးစားရင်း။
နို့တစ်လုံးဖိုး
ကျေရန်ခက်တဲ့
မိဘကျေးဇူးကို
ဆပ်နိုင်အောင်လို့
ကြိုးစားရင်း။
အကြင်နာတရား
ခေါင်းပါးလှတဲ့
လောကကြီးမှာ
မေတ္တာထားနိုင်ဖို့
ကြိုးစားရင်း။
ဂုဏ်ဓနတွေနဲ့
အဆင့်အတန်းခွဲမှုတွေကြား
ရပ်တည်နိုင်ဖို့
ကြိုးစားရင်း။
မမြင်ရတဲ့
ကံကြမ္မာဆိုးတွေအား
ရှောင်လွှဲနိုင်ဖို့
ကြိုးစားရင်း။
သက်တမ်းတိုလှတဲ့
လူ့ဘ၀ကြီးမှာ
ကုသိုလ်ပြုနိုင်ဖို့
ကြိုးစားရင်း။
အပါယ်ငရဲ
ကျဖို့လွယ်နေတဲ့
မျက်မှောက်ကာလမှာ
ဘုရား၊တရား မြဲနိုင်ဖို့
ကြိုးစားရင်း။
သံသရာ
ဝဲဂယက်ကြီးအတွင်းက
လွတ်မြောက်နိုင်ဖို့
ကြိုးစားရင်း။
အဲဒီလို
ကြိုးစားရင်း
လူတော်လူကောင်း ဖြစ်စေဖို့
ကိုယ့်ကိုကိုယ် ဆုံးမရင်း
အချိန်တွေ တရွေ့ရွေ့ကုန်ဆုံး
တစ်ရက်ပြီးတစ်ရက်
နေ၀င်ပြီး မိုးချုပ်။
0 comments:
Post a Comment