တစ်နေ့တော့ဗျာ... မြန်မာပြည်မှာ တစ်နှစ်လောက် ၁၀၉၊၁၁၀ လုပ်စားနေရာက ဘာမသိညာမသိနဲ့ စင်္ကာပူဆိုတဲ့ နိုင်ငံရပ်ခြားကို သွားရဖို့အကြောင်းက ဖန်လာပြန်ရော...
အိမ်ကမထွက်ခင်ကတည်းက သေသေချာချာ မှာလိုက်တာက
"ဟိုရောက်ရင် ဦးလေးက လာကြိုမယ်၊ ဘာမှ စိတ်ပူစရာမရှိဘူး။ ဦးလေးနဲ့ လိုက်သွားရုံပဲ။"
ဖုန်းနံပါတ်လည်း ပေးလိုက်သေးတယ်၊
"ဟိုလေဆိပ်ရောက်ရင် free ခေါ်လို့ရတဲ့ ဖုန်းရှိတယ်။ အဲဒီဖုန်းနဲ့ မင်းဦးလေးဆီ ဆက်၊ သူ အပြင်ကစောင့်နေလိမ့်မယ်"
အဲဒါနဲ့ ဖုန်းနံပါတ်ကို ပျောက်မှာစိုးလို့ ဆိုပြီး လက်ကေ့ခ်ျ ထဲကိုသေသေချာချာထည့်ပြီး သိမ်းလိုက်သေးတာ။
အဲလိုနဲ့ အိမ်ကမှာသမျှကို ဟုတ်ကဲ့ပေါင်း အခါတစ်ရာလောက် ပြန်ဖြေပြီး တက်တက်ကြွကြွပဲ ပေးလိုက်သမျှ အထုပ်တွေသယ်လို့ လေယာဉ်ပေါ်တက်ခဲ့တာပေါ့...
စင်္ကာပူလေဆိပ်ရောက်မှ ပြသာနာ တက်တော့တာပဲ၊ ကောင်မလေး တစ်ယောက် ပတ်စ်ပို့ ထဲမှာ ဖျက်ရာပါနေလို့ဆိုပြီး အင်မီဂရေးရှင်းက ရစ်ပါလေရော.... အဲဒါနဲ့ ကျန်တဲ့ ၆ ယောက်လောက်ကို ဖြတ်ခွင့်မပေးသေးပဲ အချိန်အကြာကြီး စောင့်ခိုင်းထားပါရော....( နောက်တော့ ကောင်မလေးကို ၀င်ခွင့်မပေးပဲ မြန်မာပြည်ပြန်တဲ့ လေယာဉ်ပေါ် ပြန်တင်ပေးလိုက်တယ်၊ ကောင်မလေးကတော့ ငိုယိုလို့ပေါ့ )
သူများတွေက လာကြိုတဲ့သူတွေ စိတ်ပူနေမှာ စိုးလို့ဖုန်းဆက်နေကြတာနဲ့ ငါလည်း ဆက်ဦးမှပဲ ဆိုပြီး ကြည့်တော့ ဖုန်းနံပါတ်က လက်ကေ့ခ်ျထဲမှာ၊ အဲဒါနဲ့ လက်ကေ့ခ်ျကို လိုက်ရှာတော့ သူက ကိုယ့်ထက်အရင် အပြင်ရောက်နေပြီ... အဲဒါနဲ့ ဘာလုပ်ရမှန်းမသိ၊ ဖုန်းနံပါတ်ကလည်း မမှတ်မိနဲ့ ဦးလေး မပြန်ပါစေနဲ့ဦးလို့ပဲ ဆုတောင်းနေရတယ်.... ရောက်တာက ညနေ ၅ နာရီ၊ စောင့်လိုက်ရတာ ၁ နာရီခွဲလောက်၊ အပြင်ရောက်တော့ ဦးလေးက ပြောပါလေရော၊ မင်း ဒီလောက်လေးတောင်မှ အသုံးမကျဘူးလားပေါ့၊
ဒီကလည်း ပျောက်မှာစိုးလို့ အသိမ်းလွန်သွားတာ၊ လက်ကေ့ခ်ျက ကိုယ့်အရင် အပြင်ရောက်နေမယ်မှန်းမှ မသိတာကိုး။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment