မဟာမြတ်မုနိ ဘုရားကြီးဖူးပြီးတော့ တစ်ခါ ဦးပိန်တံတားလည်း မရောက်ဖူးတာနဲ့ ဆက်သွားကြပါတယ်။ ဟိုလည်း ရောက်ရော ညနေစောင်းနေပါပြီ၊ ဆည်းဆာချိန်မှာ တွေ့ရတဲ့ ဦးပိန်တံတားပေါ်က မြင်ကွင်းဟာ ကျွန်တော့်ရင်ကို ကြည်နူးစေပါတယ်။ မြန်မာပြည်ရဲ့ လွမ်းမောဘွယ်ရာ အလှအပတွေထဲက တစ်ခုပါပဲ။ တံတားအောက်က တောင်သမန်အင်းထဲမှာ လှေစီးလို့လည်း ရပါတယ်။ တံတားဆုံးအောင်တော့ မသွားဖြစ်ပါဘူး။ နည်းနည်းမှောင်လာတာလည်းပါပါတယ်။ တံတားပေါ်မှာ နိုင်ငံခြားသား တစ်ချို့ကိုလည်း တွေ့ရပါတယ်၊ ဦးပိန်တံတားရဲ့ ဆည်းဆာချိန်မြင်ကွင်းကို သူတို့ သိပ်သဘောကျနေပုံပါပဲ။ အဲဒီမြင်ကွင်းက လူတိုင်းရဲ့ ရင်ကို ကြည်နူးစေနိုင်တာလည်း အမှန်ပါပဲ။
ညဖက်လည်းရောက်ရော အဲဒီနားက ဆိုင်တစ်ဆိုင်မှာ ညစာစားပြီး အိပ်ဖို့ အတွက်နေရာရှာကြရပါတယ်။ တည်းခိုခန်းရှိလား မေးကြည့်တော့လည်း အနီးအနားမှာက မရှိဘူး။ အဲဒါနဲ့ ဟိုလျှောက်ဒီလျှောက်လုပ်ရင်း မျက်စိထဲမှာ သွားမြင်တာက ဘုန်းကြီးကျောင်းပါ၊ ဟီးဟီး :mrgreen: :mrgreen: မြန်မာပြည်မှာ အဲဒီတစ်ခုကတော့ စိတ်ချရပါတယ်။ ဘယ်နေရာရောက်ရောက် နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ မပူရပါဘူး။ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေ နေရာတိုင်းမှာ ရှိပါတယ်။ အဲဒီလိုနဲ့ ဆရာတော်ကို သွားဖူး၊အကျိုးအကြောင်း လျှောက်ထားပြီး တစ်ညာတာ တည်းခိုခွင့်ပြုဖို့ ခွင့်တောင်းပါတယ်။
ဆရာတော်ကလည်း ကြည်ကြည်ဖြူဖြူပဲ အေးအေးဆေးဆေး တည်းခိုနိုင်ကြောင်း၊ လိုအပ်တာရှိရင် ကျောင်းစောင့်ကြီးကို မှာဖို့ မိန့်ကြားပြီး ကျွန်တော်တို့ တည်းခိုရမယ့်နေရာကို လိုက်ပို့ခိုင်းပါတယ်။ ညကလည်း မှောင်နေတော့ ဘေးပတ်ဝန်းကျင်ကို လေ့လာလို့မရပဲ ကျောင်းစောင့်ဦးလေးကြီး နောက်ကပဲ အသာလိုက်လာရပါတယ်။ ကျွန်တော်တို့ကို အဆောက်အဦး တစ်ခုရဲ့ ၂ ထပ်မြောက်မှာ နေရာချပေးပါတယ်။ နောက်ပြီး စောင်၊ ခြင်ထောင်၊ ခေါင်းအုံး လိုအပ်တာမှန်သမျှ ထုတ်ပေးပါတယ်။ ကျွန်တော်ကတော့ တည်းခိုခန်းတည်းရတာထက်ကို ဇိမ်ကျနေပါသေးတယ်။
အိပ်ရာပြောင်းလို့ပဲလား၊ ပင်ပန်းလို့ပဲလား မသိဘူး၊ ကောင်းကောင်းအိပ်လို့ မပျော်ပါဘူး။ တော်တော်ညဥ့်နက်မှ အိပ်ပျော်သွားပါတယ်။ မနက် ၅ နာရီလောက်မှာနိုးပါတယ်၊ အဲဒါနဲ့ အောက်ထပ်ကိုဆင်း၊ မျက်နှာတွေဘာတွေသစ်ပြီး အပေါ်ထပ်ပြန်တက်လို့ ပြတင်းပေါက်နားလည်း ရောက်ရော အောက်ကို ငုံ့ကြည့်မိတာပေါ့။
အောင်မလေး :o :o :o မနက်အာရုဏ်ဦး အလင်းရောင်အောက်မှာ အုတ်ဂူလေးတွေက ဖွေးဖွေးကို ဖြူနေတာပဲ၊ လွမ်းသူ့ပန်းခွေလေးတွေ ကိုယ်စီနဲ့ပေါ့။ မြင်ကွင်းက ကြက်သီးထစရာကောင်းပါတယ်၊ ညတုန်းက မမြင်မိတာ ကံကောင်းပါပဲ။ ညတုန်းကသာ မြင်ထားရင် ကျိန်းသေတယ် ဘယ်လိုမှ အိပ်လို့ရမှာ မဟုတ်တော့ပါဘူး။ အမှန်တကယ်က အဆောက်အဦးနဲ့ သင်္ချိုင်းကုန်းနဲ့က ခြံဝင်းတစ်ခုထဲမှာပါ၊ ရွာဖက်တွေမှာ အဲလိုပဲ ထင်ပါတယ်။ ကျွန်တော်လည်း မကြုံဖူးတော့ မသိပါဘူး။
တစ်အောင့်လောက်နေတော့ ကျောင်းစောင့်ဦးလေးကြီးက လာခေါ်ပါတယ်၊ မနက်စာ စားဖို့ ဆရာတော်က ခေါ်ခိုင်းလိုက်တယ်လို့ ပြောပါတယ်။ အဲလိုနဲ့ ဆရာတော်ကျောင်းမှာ မနက်စာ ပြောင်းဖူးနဲ့ နယ်ထားတဲ့ ထမင်းကို ငါးခြောက်ထောင်းတို့ ဘာတို့နဲ့ အကျအန လွေးခဲ့ကြပါတယ်။ နောက်ပြီး ဘုရားဝတ်ပြု ဆရာတော်ကို ဦးချပြီး ပြင်ဦးလွင်ကို ခရီးဆက်ခဲ့ကြတာပါ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment