ကျွန်တော်နှင့် ဗေဒင်ဆရာများ

ဒီတစ်ခါကတော့ ဘယ်လိုပြောရမလဲ မသိတော့ဘူး... ကျောင်းတက်တုန်းက ဖြစ်ပျက်ခဲ့တာကလေးပါ... ကျောင်းကတော့ သိကြတဲ့အတိုင်း တောင်ငူမှာ တက်ရပါတယ်... တောင်ငူမှာက အင်ဂျင်နီယာကျောင်းရော၊ ကွန်ပျူတာကျောင်းရော၊ မေဂျာဘာသာရပ်ရော၊ဥပဒေပညာကျောင်းရော ရှိနေတာဖြစ်ပါတယ်... ကျောင်းသားတော်တော်များများက ရထားစီးပြီး တောင်ငူကို သွားကြတာများပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရထားခ ပေးစရာမလိုပဲ ကျောင်းသားပါလို့ ပြောလိုက်ရင် အလကားစီးရလို့ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ကျောင်းသားမဟုတ်ပဲနဲ့တောင် ကျောင်းသားလို့ ပြောစီးကြတာတွေ့ဖူးပါတယ်။

ကျောင်းဖွင့်ရက် ပိတ်ရက်တွေကျရင် ပဲခူးကနေတောင်ငူကိုပဲ ဖြစ်ဖြစ်၊ တောင်ငူကနေ ပဲခူးကိုပဲ ဖြစ်ဖြစ် သွားတဲ့ ရထားဆိုရင် တစ်စီးလုံး ကျောင်းသားတွေနဲ့ပဲ ပြည့်နေကြပါ။ အဲဒီတော့ ပဲခူးကနေ တောင်ငူထိ ဆိုရင် ရထားပေါ်ကို လက်မှတ်စစ်မလာတော့ပါဘူး။ ကျောင်းသားတွေဘက်ကလည်း လက်မှတ်မ၀ယ်ချင်လို့လားဆိုတော့ မဟုတ်ပါဘူး၊ ကျောင်းသားကများတဲ့ အတွက် လက်မှတ်က မလောက်တော့လို့ပါ။

ဇာတ်လမ်းက ခုမှစမှာပါ... ပထမနှစ်ပြီးတော့ ဒုတိယနှစ်စတက်မယ့် အချိန်ပေါ့... တောင်ငူကို ကျောင်းတက်ဖို့ ရောက်လာတော့ သူငယ်ချင်း တစ်ယောက်ကလွဲပြီး ကျန်တဲ့ သူတွေမတွေ့ဘူး။ အဲဒါနဲ့ စုံစမ်းကြည့်တော့ ပုဂံကို ဘုရားဖူးသွားကြတယ်လို့ ပြောကြတယ်... အဲဒါနဲ့ သူငယ်ချင်းနှစ်ယောက် မန္တလေးကို ဘုရားဖူးသွားရအောင်ဆိုပြီး နှစ်ယောက်သား အထုပ်ကိုယ်စီနဲ့ ဘူတာကို ထွက်လာကြတာပေါ့။ ရထားပေါ်ရောက်ပြီး နေရာတွေ ဘာတွေရလို့ ဟန်ကျမလို့ပဲ ရှိသေးတယ်၊ လက်မှတ်စစ်နဲ့ တိုးပါရော... လက်မှတ်ပြပါဆိုတော့ ထုံးစံအတိုင်း ကျောင်းသားပါပေါ့။

အဲဒီတော့ လက်မှတ်စစ်က ကျောင်းသားဆိုရင် တောင်ငူထိပဲ လိုက်ခွင့်ရှိတယ်၊ တောင်ငူကျော်ရင် လက်မှတ်ဝယ်ရမယ် ဆိုပါရောလား။ လက်မှတ်မပါရင် ရှေ့ဘူတာကျရင် ဆင်းရမယ်တဲ့။ ကျွန်တော်တို့ကလည်း ခပ်တင်းတင်းပဲ မဆင်းနိုင်ဘူးပေါ့၊ ငါတို့ မန္တလေးကို ဘုရားဖူးသွားမလို့ ထွက်လာတာပေါ့၊ အဲလိုလည်း ဆိုရော လက်မှတ်စစ်က ဘာမှမပြောပဲ ကျောင်းသားကတ်တောင်းပါရော.. ကျောင်းသားကတ်ကို သိမ်းတယ်ပေါ့။ ဒီပြင်ကျောင်းတွေတော့ မသိဘူး။ ကျွန်တော်တို့ကျောင်းကတော့ ကျောင်းသားတစ်ယောက်မှာ ကျောင်းသားကတ်က ဖောချင်းသောချင်းပဲ၊ ဘယ်နှစ်ခု ယူမလဲ၊ ကြိုက်သလောက်ယူလို့ရတယ်။ အဲဒီတော့လည်း ကြည်ကြည်သာသာပဲ လက်မှတ်စစ်ကို ပေးလိုက်တာပေါ့။ နားအေးရင် ပြီးတာပဲလေ...

အဲလိုနဲ့ မန္တလေးကို မနက်လင်းအားကြီးအချိန်မှာ ရထားကဆိုက်လာတယ်၊ မန္တလေးဘူတာကြီးကတော့ ဟီးနေတာပဲဗျာ... ရန်ကုန်ဘူတာထက်တောင် ကြီးဦးမလားပဲ။ ရောက်တာနဲ့ ဟိုလူမေး၊ ဒီလူမေးနဲ့ အရင်ဆုံးရောက်ဖြစ်တာက ဈေးချိုပေါ့။ ဈေးချိုဆိုလို့ ကုန်ဈေးနှုန်းများ သက်သာမလား မှတ်တယ်။ မထူးပါဘူး၊ ရန်ကုန်မှာနဲ့ အတူတူပါပဲ။ ထိုးမုန့်တွေကတော့ ပေါတာပေါ့၊ အဲဒီက ထွက်တာကိုး၊ အဲဒါနဲ့ ဈေးချိုက ထမင်းဆိုင်တစ်ဆိုင်မှာ ထမင်းစားပြီး၊ မန္တလေးနန်းတော်ဘက်ကို ထွက်ခဲ့တာပေါ့။ အထဲလည်း ရောက်ရော သတိထားမိတာက အချွန်အတက်တွေနဲ့ ကုတင်ဗျ... ဘာဖြစ်လို့လဲ ဆိုတော့ ကုတင်က သေးသေးလေးရယ်။ ကြားဖူးတာက ရှေးခေတ်မြန်မာကြီးတွေက အရပ်အမောင်းကောင်းကြတယ်ဆိုပြီး လုပ်ထားတဲ့ကုတင်က ကျွန်တော့်အရပ်နဲ့တောင် ဘယ်လိုမှ အိပ်လို့ရမှာ မဟုတ်ဘူး။ သလွန်တော်ဆိုရင်လည်းဗျာ သလွန်ဆိုတာ လဲလျောင်းလို့ရတယ် မဟုတ်လား။

အဲဒီကမှ တဆင့်မဟာမြတ်မုနိဘုရားကြီးဆီကို ကားစီးပြီး သွားကြတာပေါ့။ မဟာမြတ်မုနိ ဘုရားကြီးကလည်း သပ္ပါယ်လိုက်တာ၊ အရမ်းကြည်ညိုဖို့ကောင်းတာပဲ။ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေထဲမှာပဲ ဖူးခဲ့ရတာဆိုတော့ အခုလို ကိုယ်တိုင်ကိုယ်ကျ ဖူးရတာ ဘယ်လောက်ပျော်ရွှင်ကြည်နူးဖို့ ကောင်းသလဲ တ၀ကြီးကို ဖူးခဲ့တာပေါ့။ ဆိုးတာက ဘုရားစောင်းတန်းဘေးက ဗေဒင်ဆရာတွေဗျာ... လူကို အတင်းလက်ဆွဲပြီးခေါ်တော့တာပဲ ပေါ်တာဆွဲ သလား မှတ်ရတယ်။ ( အဆွဲခံရဖူးသလား မမေးနဲ့ဗျို့... အတူတူပဲ ထင်လို့ ) အဲဒါနဲ့ အားနာနာနဲ့ လိုက်သွားပြီး သူတို့ ဖွင့်နေကြဓါတ်ပြားဟောင်းကြီးကို နားထောင်ခဲ့ရသေးတယ်။

ထီပေါက်ကိန်းရှိတယ်၊ ဆိုလို့ ကျွန်တော်က ထီမှ မထိုးတာ ဘယ်လိုပေါက်မှာလဲ မေးလိုက်လို့ မျက်လုံးကြီး ပြူးကြည့်တာ ခံလိုက်ရသေးတယ်၊ အရိုက်မခံရတာ ကံကောင်းပဲ။ ကျွန်တော့်သူငယ်ချင်းကျတော့လည်း နိုင်ငံခြား ထွက်ရကိန်းရှိတယ်တဲ့၊ အဲဒါနဲ့ ဘော်ဒါကလည်း ကျွန်တော်က နိုင်ငံခြားမထွက်ချင်ဘူး၊ စိတ်လည်းမ၀င်စားဖူး၊ အလကားသွားရပါမယ် ဆိုရင်တောင် မသွားချင်ဘူးဗျာနဲ့။ ဗေဒင်ဆရာကလည်း မရဘူး၊ ထွက်ကိုထွက်ရမယ် ဆိုတာကြီးပဲ။ နောက်ထပ်ဟောလိုက်တာတွေလည်း အများကြီးပဲ၊ ဘာတဲ့ မင်းတို့က လောလောဆယ် ဟန်ပဲရှိတာ အဆံမရှိဘူးဖြစ်နေတယ်ဆိုပြီး ကန်တော့ပွဲ ပေးရမယ်ဆိုပါရောလား။ အဲဒါနဲ့ ဆရာရယ်၊ ဆရာဟောတာ မှန်ပါတယ် ကျွန်တော်တို့မှာ ဟန်ပဲရှိပြီး အဆံမရှိလို့ ကန်တော့ပွဲပေးဖို့တောင် မဟုတ်ဘူး၊ ဥာဏ်ပူဇော်ခတောင် ပေးဖို့မရှိပါဘူး ဆရာရယ် ဆိုပြီး အသာလစ်ထွက်လာရတယ်။ ( ဟွန်း....တော်တော်ဆိုးတဲ့ ဗေဒင်ဆရာတွေ )

0 comments:

စိတ်ကူးယဉ်အနမ်း