ဗယ်လင်တိုင်း လက်ဆောင်

ချစ်သူ
အလွမ်းတွေ ဖြန့်ကြဲဖို့
14 ရက်ကိုရောက်ပြန်ပြီ်...

အတူတူတွဲ လမ်းမလျှောက်ခဲ့ဘူးပေမဲ့
စိတ်ပျက်အောင် ဖုန်းပြောခဲ့ဖူးတာ
အမှတ်ရတယ်...

ငါ့ နေ့ရက်တွေက
ပဲ့ကိုင်ရှင် မဲ့လို့
ပရမ်းပတာ ဖြစ်ခဲ့ရတဲ့
လှေတစ်စီးလိုပါပဲ...

သေချာတာက
ဘယ်ကမ်းမှ မဆိုက်ပဲ
ရွက်လွှင့်ဖို့
ငါ့ဘာသာ အားမွေးရဦးမယ်...

မေလေး

ဆက်လျှောက်နေဆဲပါ

ညာနေမှန်း သိရက်နဲ့
အညာခံချင်ခဲ့တာက
ခက်တာ......................

မပေးနိုင်တာကို
သိရက်နဲ့ လိုချင်နေတာက
မလွယ်တာ...................

ပြန်မရနိုင်မှန်း သိရဲ့နဲ့
တမ်းတနေတာက
ရူးသွပ်တာ...........

မဆုံနိုင်တော့မှန်း သိရဲ့နဲ့
မျှော်လင့်နေတာက
မိုက်မဲတာ..............

ငါကတော့
အားလုံးကို ကျောခိုင်းပြီး
ပျောက်နေတဲ့
ချစ်ခြင်းလမ်းမှာ
အမုန်းမရှိတဲ့
ခွင့်လွှတ်ခြင်းတွေနဲ့
ဆက်လျှောက်နေဆဲပါ....................

မေလေး

ရင်ဖြိုမိုး

ငါက မိုးပြေးတွေကိုပဲ
တမ်းတခဲ့တာ ....

လေပြေတွေလို နူးညံ့...
အတ္တတွေကင်းတဲ့
ရိုးသားဖြူစင်တဲ့ အပြုံးတစ်ခုနဲ့ပဲ
နေတတ်ခဲ့တာ...

ဖြူစင်တဲ့ ကောင်းကင်တစ်ခုလို့ တင်စား
နင့်အချစ်တွေကို
ငါကြိုက်တဲ့ ခပ်ခါးခါးကော်ဖီတစ်ခွက်လိုပဲ
တစ်ဖြေးဖြေး မြိုချခဲ့တာ....

အတ္တ မာန်မာနနဲ့
ရင်းပြီးတိုက်လိုက်တဲ့ လေကြမ်းတွေ
ငါ့ရင်ထဲမှာတော့
ရင်ဖြိုမိုးတွေရွာပေါ့....

စွန့်လွှတ်လိုက်ရတဲ့
အပြုံးတစ်ခုအတွက်
ငါ နောင်တမရချင်ပါဘူး...........

မေလေး

ကျွန်တော်နှင့် ဗဟုသုတ ခေါင်းပါးမှု

ငယ်ငယ်တုန်းကပေါ့ဗျာ... မှတ်မှတ်ရရ ၈ တန်းကျောင်းသားဘ၀တုန်းကပေါ့...
အဲဒီတုန်းက အတန်းဝင်တဲ့ ဆရာမက သူဝင်တဲ့ အချိန်မှာ အိမ်သာသွားတာတို့၊ အပြင်ထွက်တာတို့ မကြိုက်ဘူး။ သူ့အချိန်ဆိုရင် အိမ်သာသွားချင်လည်း အောင့်ထားရတယ်... ဘယ်လိုမှ ပေးမထွက်ဘူး...

အဲဒါနဲ့ တစ်နေ့ကျတော့ အဲဒီဆရာမအချိန်မှာ ကောင်မလေးနှစ်ယောက် အိမ်သာသွားဖို့ ဆရာမကို တိုးတိုးလေး သွားပြောတယ်... ဆရာမကလဲ သူတို့ စကားနားထောင်ပြီး အိမ်သာသွားဖို့ ခွင့်ပြုလိုက်တယ်...

အဲဒါကိုလည်း မြင်ရော ကျွန်တော်တို့ကတော့ မကျေနပ်ဘူးပေါ့... ကျွန်တော်တို့အလှည့်တုန်းက
ကျတော့ မရတော့ပါဘူး၊ ထွက်ကျပါတော့မယ်ဆိုတာတောင် ပေးမသွားလို့ ချွေးပြန်တဲ့ အထိ အောင့်အည်းထားခဲ့ရတာ ခုကျတော့ ဒီကောင်မလေး နှစ်ယောက်ကို ပေးသွားရပါမလားဆိုပြီး လုံးဝမကျေနပ်ဘူး... ငယ်ကလည်း ငယ်သေးတဲ့ အချိန်ကိုး... ဗဟုသုတကလည်း မရှိဆိုတော့ ဘယ်သိပါ့မလဲ...

ခုကျမှပဲ သဘောပေါက်တော့တယ်ခင်ဗျာ... အဲဒီတုန်းက ဆရာမကို အမြင်စောင်းမိတဲ့ အတွက်၊ ကွယ်ရာမှာ မကောင်းပြောမိတဲ့ အတွက် နောင်တရမိပါရဲ့....

ကျွန်တော့်ဘ၀၏ အမှတ်တရအလွဲများ ( ၈ )

တစ်နေ့တော့ ကျွန်တော့်ကို ဦးလေးက ဖုန်းဆက်ခေါ်တယ်...

" City Hall ကိုလာခဲ့ပါလား... မင်းလည်းရောက်ကတည်းက အွန်လိုင်းပေါ်တက်လိုက်၊ သတင်းစာဝယ်လိုက်၊ အလုပ်လျှောက်လိုက် နဲ့ ငြီးငွေ့နေမှာပေါ့၊ ဒီမှာ မြန်မာ အစားအစာလေးဘာလေး စားရအောင် "

အဲဒါနဲ့ City Hall ကိုသွားဖို့လုပ်ပါရော... စကားမစပ် ကျွန်တော်နေတာက Blk 709 Yishun Ave 6 မှာနေတာ ခင်ဗျ...ကျွန်တော်တို့ အိမ်နဲ့ ဘူတာနဲ့ဆို လမ်းလျှောက်ရင် ၁၀ မိနစ် ၁၅ မိနစ်ဆိုရောက်ပြီ... စင်္ကာပူမှာ ကားကလည်း မစီးတတ်ဆိုတော့ ရထားစီးတာပဲ များပါတယ်... ရထားစီးရတာက လွယ်တာကိုး၊ နောက်ပြီး မြန်လည်း မြန်တယ်လေ... များသောအားဖြင့် အိမ်ကနေ ဘူတာကို လမ်းလျှောက်တာ များပါတယ်...

အဲဒီနေ့ကျမှ နေကလည်း ပူ၊ လမ်းကလည်း မလျှောက်ချင်တော့တာနဲ့ ကားစီးပြီးသွားဖို့ ကားမှတ်တိုင်မှာ သွားစောင့်နေလိုက်တယ်။ အဲလိုနဲ့ ဘူတာကိုသွားမယ့် ကားလည်းလာရော တက်လိုက်တာပေါ့၊ ၀င်ဝင်ချင်းမှာ ပိုက်ဆံဖြတ်တဲ့ စက်တစ်ခုရှိတယ်ဗျ... အဲဒီမှာ ကိုယ့်ကတ်ပြားကို ကပ်ရတာ... ကံကဆိုးချင်တော့ ကတ်ဒ် က ကပ်လိုက်လိုက်ချင်းမှာပဲ တီ...တီ...တီ ဆိုပြီး အနီရောင်ပြပြီး ထမြည်ပါရောလား... အဲဒါနဲ့ ဘာဖြစ်တာလဲပေါ့... အော... နောက်မှ ဦးလေးပြောတာ သတိရတယ် ပိုက်ဆံ မဖြည့်ရသေးဘူးကိုး။ ကတ်ဒ်ထဲမှာ ပိုက်ဆံမရှိတော့ရင် စက်က ဖြတ်မရပဲ ထထမြည်တယ်...

ကားသမားကလည်း ကြည့်နေတယ်။ ဒီကောင် ဘာလုပ်မလဲပေါ့... ကျွန်တော်လည်း ဒီလောက်တော့ ကိစ္စမရှိပါဘူးဆိုပြီး ပိုက်ဆံအိတ်ထဲက တွေ့တဲ့ ပိုက်ဆံကိုထုတ်ပြီး ခပ်တည်တည်ပဲ ကတ်ဒ် ဖြတ်လို့မရရင် ပိုက်ဆံထည့်ရတဲ့ အပေါက်ထဲ ထည့်လိုက်တယ်။ ထုတ်တုန်းက ထွက်လာတာက ငါးကျပ်တန်ခင်ဗျ... ကျွန်တော်လည်း ဘာရယ်မဟုတ်ပဲ ထည့်လိုက်တာ ပြီးမှ ကားသမားက ကွိစိကွစ နဲ့ ပြောပါရောလား... တရုတ်လိုပြောတာကို ပြောတာပါ... ကားသမားက အင်္ဂလိပ်လိုလည်း မတတ်ဘူးဗျ... ကျွန်တော်က အင်္ဂလိပ်လိုမေး သူက တရုတ်လိုဖြေနဲ့ ဟုတ်နေတာပဲ။ အဲဒီအချိန်မှာ သူ့အလိုလို နားလည်လာတာက ကျွန်တော့် ပိုက်ဆံ ပြန်အမ်းလို့ မရတော့ဘူး ဆိုတာပဲ...

အဲဒီတော့မှ ကျွန်တော့်မှာ ဇောချွေးတွေပြန်ပြီး ဘာလုပ်ရမှန်းမသိနဲ့ နောက်ဆုံးတော့ မထူးပါဘူးဆိုပြီး အဲဒီပိုက်ဆံထည့်လိုက်တဲ့ အပေါက်ထဲ လက်ထည့်ပြီး နှိုက်တာပေါ့... ဒါပေမယ့်လည်း မရပါဘူးဗျာ.. လက်က အဖျားပဲ ၀င်တယ် အောက်ဆုံးက ပိုက်ဆံကို မမိဘူးဗျ.... အဲဒါနဲ့ ကျောပိုးအိတ်ထဲက ၀ါးတူကို သွားသတိရတယ်။ ကံကဆိုးချင်တော့ ၀ါးတူက ၂ ချောင်းတောင် မရှိတော့ပဲ တစ်ချောင်းပဲ ကျန်တော့တာ... ကားသမားကလည်း တော့်တော့်ကို ပွစိပွစိ လုပ်နေပြီ... ဟုတ်တယ်လေ... စီးတာက ၂ မှတ်တိုင်ထဲ အဲဒီ ၂ မှတ်တိုင်မှာ ကားက ရပ်နေပြီ... ဘာလုပ်မှာလဲ ဆိုတဲ့ အကြည့်နဲ့ ကြည့်နေကြတာ...ကျွန်တော့်မှာ ရှိစုမဲ့စု တူကလေး တစ်ချောင်းနဲ့ ရအောင် ကလော်ပါသေးတယ်... ပိုက်ဆံက တဖြည်းဖြည်းတက်လာတော့ ၀မ်းသာအားရနဲ့ ရှိသမျှ အာရုံကို အဲဒီမှာပဲ စူးစိုက်ထားတာ... အဲဒီအချိန်မှာ ဗုံးပေါက်တယ်ဆိုရင်တောင် သိလိုက်မှာ မဟုတ်ဘူး...

ကံကလည်း ဆိုးလိုက်သမျှဗျာ... ၀မ်းသာလို့မှ မဆုံးသေးဘူး... ကလော်နေတဲ့ တူက ကျိုးသွားပါရောလား... ဘယ်လိုမှကို ကလော်လို့မရတော့ဘူး... ကားသမားကလည်း ပြောလိုက်သမျှ တစ်လျှောက်လုံး တစ်ခါမှ မရပ်ဘူးဗျို့... နောက်ဆုံးဘာမှလည်း လုပ်မရတော့မှ ဆင်းတော့မယ်ဆိုပြီး နောက်ကို ကြည့်လိုက်တော့မှ အားပါးပါး... ကျွန်တော့်ကို အထူးအဆန်းလိုမျိုး ကြည့်နေကြတဲ့ မျက်လုံးတွေက မနည်းပါလား... လူတစ်ကိုယ်လုံးလည်း ချွေးတွေရွှဲပြီး နုံးချိချိဖြစ်နေပြီ... ဒါပေမယ့်လည်း ရှက်တဲ့ စိတ်ကြောင့် ကားပေါ်က ပြေးဆင်းခဲ့ရတာပေါ့...

အဲဒီလိုလည်း ပြန်မပြောပြတတ်အောင် လွဲခဲ့ဖူးတာပေါ့....

ကျွန်တော့်ဘ၀၏ အမှတ်တရအလွဲများ ( ၇ )

စင်္ကာပူ ရောက်ပြီးတော့ သိပ်မကြာပါဘူး.... အလုပ်ရှာရဖို့က ဖြစ်လာရော... မရှာပဲ ထိုင်နေလို့ရတာ မဟုတ်ဘူးလေ... အဲဒါနဲ့ သူများတွေ လုပ်သလိုပဲ အင်တာနက်ထဲဝင် ဘယ်သူတွေများ အလုပ်ခေါ်ထားသလဲပေါ့.. လိုက်ရှာရတာ... ဆိုဒ်ပေါင်းလည်း စုံနေပြီ... တွေ့သမျှဆိုဒ်၊ သူများတွေ ပြောသမျှ ဆိုဒ်တွေ အကုန်လုံး ၀င်ပြီး လိုက်လျှောက်နေတာ...

ကံကဆိုးချင်တော့ ခေါ်သမျှဆိုဒ် တော်တော်များများက စင်္ကာပူရီယန်းနဲ့ ပီအာရ်ပဲ လက်ခံမယ်ဆိုတာကြီးပဲ...
နောက်ဆုံးတော့ မထူးပါဘူး၊ သူ့ဟာသူ ခေါ်ချင်ရာခေါ် ငါလည်း လျှောက်ချင်ရာလျှောက်မယ်ဆိုပြီး တွေ့သမျှ အကုန်လိုက်လျှောက်တာ၊ ဘယ်ဟာက ဘယ်ဟာမှန်း ကိုယ့်ဘာသာကိုယ်တောင် မမှတ်မိတော့တဲ့ အထိပဲ...

အဲဒီလို လျှောက်နေရင်းနဲ့ တစ်ပတ်လောက်ကြာတော့ ကျွန်တော့်ကို ကုမ္ပဏီ တစ်ခုက ဖုန်းခေါ်လာတယ်၊ အဲဒါနဲ့ ၀မ်းသာအားရပဲ " ဟဲလို " ဆိုတော့ ဟိုဘက်က အရင်ဆုံးမေးတာက " Are you singaporean or PR " တဲ့၊ မဟုတ်ပါဘူး ကျွန်တော်က မြန်မာ ပါဆိုတော့ ဆောရီးဆိုပြီး ဖုန်းချသွားတယ်၊ စိတ်ကုန်လိုက်တာမှ ပြောစရာတောင်မရှိဘူး။

နောက်ထပ်တစ်ခုကျတော့ သူတို့ check ကြည့်ပါဦးမယ်တဲ့၊ S Pass အတွက် နေရာရှိမရှိကို၊ S Pass ကလည်း ကိုယ်တာရှိမှ လျှောက်လို့ရတယ်ဆိုပဲ.. ကြားပဲ ကြားဖူးတော့တယ်။ ကိုယ်တာရှိမှတဲ့နော... သိမှမသိတာကိုး...

အဲဒါနဲ့ နှစ်ပတ်လောက်ကြာတော့ ဦးလေးက
" မင်း အင်တာနက်ကချည်းပဲ ရှာမနေနဲ့ သတင်းစာလေး ဘာလေး ၀ယ်ဖတ်၊ အဲဒီထဲမှာလည်း အလုပ်ကြော်ငြာတွေ ပါတယ် "
" သတင်းစာ ၀ယ်ဖတ်ရင် စနေနေ့ နဲ့ ဗုဒ္ဓဟူးနေ့ ထွက်တဲ့ သတင်းစာကို ၀ယ်ဖတ်၊ အလုပ်ကြော်ငြာများများ ပါတယ် "

အဲလိုနဲ့ " ဟုတ်ကဲ့ " ဆိုပြီး သတင်းစာ ၀ယ်ဖတ်မယ်ပေါ့၊ မနက်စောစောထပြီး သွားဝယ်ဖို့လုပ်တာ လွဲနေကျ အလွဲက ဘော်ဒါတွေ ဖြစ်နေပြီဆိုတော့ နောက်တစ်ခေါက် ကျွန်တော့်ဆီကို လာလည်ပါရော...ဗဟုသုတ မရှိတာလည်း ပါတာပေါ့...

ဆိုင်ကိုရောက်တော့ Straight Time သတင်းစာ တစ်စောင် ဘယ်လောက်လည်းဆိုတော့ $80 cent တဲ့။ အဲဒါနဲ့ ပိုက်ဆံပေးပြီး သတင်းစာတွေထပ်ထားတဲ့ ဆီကိုသွား၊ လှမ်းယူလိုက်တာ လက်ထဲမှာ ထပ်ရက်ကြီး လေးစောင်တောင်ပါလာတယ်၊ အဲလိုနဲ့ ငါဝယ်တာတစ်စောင်ထဲပါ ဘယ်နှယ့် လေးစောင်ကြီးများတောင် ပါလာရတာလည်း ဆိုပြီး သုံးစောင်ကိုပြန်ချပြီး လက်ထဲမှာ ကျန်နေတဲ့ တစ်စောင်ပဲ ယူပြီး အိမ်ပြန်လာတာပေါ့...

အိမ်ရောက်တော့ သတင်းစာကိုဖွင့်ပြီး အလုပ်ရှာမလို့ ကြည့်လိုက်တော့ အရွက်တိုင်းမှာ ကြော်ငြာတွေကြီးပဲ၊ ဘာအလုပ်ကြော်ငြာမှ မတွေ့ရဘူး... အဲဒါနဲ့ ဦးလေးဆီကို လှမ်းဖုန်းဆက်ပြီး ပြောတာပေါ့၊ သတင်းစာက ဘာအလုပ်ကြော်ငြာမှ မပါပဲ ဒီပြင် ကြော်ငြာတွေကြီးပဲ တွေ့တယ်ပေါ့၊ ဦးလေးလည်း စဉ်းစားလို့မရ၊ ၀ယ်ဖတ်တဲ့နေ့များ မှားနေမလားဆိုပြီး မေးသေးတယ်၊ အဲဒီတော့လည်း နေ့က မမှားဘူး စနေနေ့ကြီး၊ ဦးလေးလည်း ဘာလုပ်ရမှန်းမသိ၊ ကျွန်တော်လည်း ဘယ်လိုဖြစ်တာလည်းပေါ့ စဉ်းစားလို့မရ၊ နောက်မှ ဦးလေး အိမ်လာမှ အဖြေပေါ်တော့တယ်။

" သတင်းစာက လေးစောင်လုံးရောင်းတာ၊ မြန်မာပြည်မှာလို တစ်စောင်ချင်းမဟုတ်ဘူး၊ မင်းယူလာတဲ့ အစောင်က ကြော်ငြာတွေချည်း ပါတဲ့ အစောင်၊ ကျန်တဲ့ သုံစောင်ထဲမှာ ကျန်နေမှာပေါ့ "

ဆိုပြီး ရယ်လိုက်တာမှ ကျွန်တော့်မှာ မချိပြုံးလေးပဲ ပြုံးနေရတာပေါ့... ဆိုင်ရှင်ကတော့ ကျန်တဲ့ သုံးစောင်ကို ဘယ်လိုလုပ်မလဲ မသိဘူး ဆိုပြီး စဉ်းစားလိုက်သေးတယ်... တောသားမြို့တက်ပြီး ရန်ကုန်ရောက်တာထက် ဆိုးနေတယ်... ဗဟုသုတကလည်း အဲဒီလို ပေါများတာဆိုတော့...

အဲဒီလိုလည်း ကျွန်တော် မသိနားမလည်စွာ လွဲခဲ့ဖူးတာပေါ့....

ကျွန်တော့်ဘ၀၏ အမှတ်တရအလွဲများ ( ၆ )

တစ်နေ့တော့ဗျာ... မြန်မာပြည်မှာ တစ်နှစ်လောက် ၁၀၉၊၁၁၀ လုပ်စားနေရာက ဘာမသိညာမသိနဲ့ စင်္ကာပူဆိုတဲ့ နိုင်ငံရပ်ခြားကို သွားရဖို့အကြောင်းက ဖန်လာပြန်ရော...

အိမ်ကမထွက်ခင်ကတည်းက သေသေချာချာ မှာလိုက်တာက

"ဟိုရောက်ရင် ဦးလေးက လာကြိုမယ်၊ ဘာမှ စိတ်ပူစရာမရှိဘူး။ ဦးလေးနဲ့ လိုက်သွားရုံပဲ။"

ဖုန်းနံပါတ်လည်း ပေးလိုက်သေးတယ်၊

"ဟိုလေဆိပ်ရောက်ရင် free ခေါ်လို့ရတဲ့ ဖုန်းရှိတယ်။ အဲဒီဖုန်းနဲ့ မင်းဦးလေးဆီ ဆက်၊ သူ အပြင်ကစောင့်နေလိမ့်မယ်"

အဲဒါနဲ့ ဖုန်းနံပါတ်ကို ပျောက်မှာစိုးလို့ ဆိုပြီး လက်ကေ့ခ်ျ ထဲကိုသေသေချာချာထည့်ပြီး သိမ်းလိုက်သေးတာ။

အဲလိုနဲ့ အိမ်ကမှာသမျှကို ဟုတ်ကဲ့ပေါင်း အခါတစ်ရာလောက် ပြန်ဖြေပြီး တက်တက်ကြွကြွပဲ ပေးလိုက်သမျှ အထုပ်တွေသယ်လို့ လေယာဉ်ပေါ်တက်ခဲ့တာပေါ့...

စင်္ကာပူလေဆိပ်ရောက်မှ ပြသာနာ တက်တော့တာပဲ၊ ကောင်မလေး တစ်ယောက် ပတ်စ်ပို့ ထဲမှာ ဖျက်ရာပါနေလို့ဆိုပြီး အင်မီဂရေးရှင်းက ရစ်ပါလေရော.... အဲဒါနဲ့ ကျန်တဲ့ ၆ ယောက်လောက်ကို ဖြတ်ခွင့်မပေးသေးပဲ အချိန်အကြာကြီး စောင့်ခိုင်းထားပါရော....( နောက်တော့ ကောင်မလေးကို ၀င်ခွင့်မပေးပဲ မြန်မာပြည်ပြန်တဲ့ လေယာဉ်ပေါ် ပြန်တင်ပေးလိုက်တယ်၊ ကောင်မလေးကတော့ ငိုယိုလို့ပေါ့ )

သူများတွေက လာကြိုတဲ့သူတွေ စိတ်ပူနေမှာ စိုးလို့ဖုန်းဆက်နေကြတာနဲ့ ငါလည်း ဆက်ဦးမှပဲ ဆိုပြီး ကြည့်တော့ ဖုန်းနံပါတ်က လက်ကေ့ခ်ျထဲမှာ၊ အဲဒါနဲ့ လက်ကေ့ခ်ျကို လိုက်ရှာတော့ သူက ကိုယ့်ထက်အရင် အပြင်ရောက်နေပြီ... အဲဒါနဲ့ ဘာလုပ်ရမှန်းမသိ၊ ဖုန်းနံပါတ်ကလည်း မမှတ်မိနဲ့ ဦးလေး မပြန်ပါစေနဲ့ဦးလို့ပဲ ဆုတောင်းနေရတယ်.... ရောက်တာက ညနေ ၅ နာရီ၊ စောင့်လိုက်ရတာ ၁ နာရီခွဲလောက်၊ အပြင်ရောက်တော့ ဦးလေးက ပြောပါလေရော၊ မင်း ဒီလောက်လေးတောင်မှ အသုံးမကျဘူးလားပေါ့၊

ဒီကလည်း ပျောက်မှာစိုးလို့ အသိမ်းလွန်သွားတာ၊ လက်ကေ့ခ်ျက ကိုယ့်အရင် အပြင်ရောက်နေမယ်မှန်းမှ မသိတာကိုး။

စိတ်ကူးယဉ်အနမ်း